ကျော့် fri ထဲမှာ မရှိတဲ့ မဖတ်ရသေးတဲ့ fri တေအတွက်ရော ထပ်ဖတ်ချင်တဲ့ friတေအတွက်ရော တင်လိုက်ပါတယ်ဗျ…………
မှားယွင်းစွာချစ်မိသောအခါ (စ/ဆုံး)
************************
''တကယ်တော့ တစ်ဖက်သတ် တိတ်တခိုး ချစ်ရတဲ့ အချစ်ဆိုတာက သိပ်ကိုပူလောင်လွန်းပါတယ် ။ ဒါပေမယ့် တစ်ကယ် ချစ်မိသွားပြန်တော့လည်း ပူမှန်းသိပေမယ့် မီးထဲတိုးဝင်နေကြတဲ့ ပိုးဖလံလိုပဲဗျ။ ပူလောင်လွန်းမှန်းသိနေပေမယ့် ဇွတ်တိုးနေချင်တာလေ'' သားဇော် တစ်ယောက်ကန်တင်းမှာတစ်ယောက်တည်းအတွေးတို့အား နယ်ချဲ့ရင်း ကိုယ့်ကိုကိုယ် အထူးသဖြင့် ကိုယ့်နှလုံးသားကို မကျေမနပ်ဖြစ်နေမိပြန်သည်။
"ဟိတ်ကောင် ငဇော် စောလှချည်လား ဟ"
"အမလေး"
မိုးထက်ခေါ်လည်းခေါ် ပုခုံးလည်း ပုတ်နှင့် ပြောလိုက်သည်မို့ သားဇော် လန့်ဖြတ်ကာ အတွေးစတို့ ပျောက်လွင့် ထွက်ပြေးသွားသည်သာမက "အမလေး"ဟု ပင်အလန့်တကြားတလိုက်မိသည်။
"အေးလေဟယ် နင်ကလည်း ငါတို့မှ စောလှပြီမှတ်နေတာ နော် ကို"
"အင်းလေ"
မိုးထက်နှင့် သူ့ချစ်သူ ရွှေယမင်း တို့ အတိုင်ဖောက်ညီ နေကြပြန်သည်။ရွှေယမင်းကပင်ဆက်ကာ
"ဟဲ့ နေပါဦး နင်က ခုန လန့်ဖြတ်အော်ရအောင် ဘာတေများစိတ်ကူးယဉ်နေလို့တုန်း ဆိုစမ်းပါဦး "
မိုးထက်ကလည်း "ဟုတ်တယ် ပြောစမ်းပါဦး"ဟူသည့် အထာနှင့် ရွှေယမင်း စကားကိုခေါင်းညိတ်ထောက်ခံနေပြန်သည်။သားဇော်က
"မဟုတ်ရပါဘူးဟယ်" ဟုပြန်ပြောတော့လည်း ရွှေယမင်းက
"ဟဲ့ ပြောစမ်း ဘယ်သငယ် ကို ငမ်းပြီး မစားရအညှော်ခံ လွမ်းနာကျနေပြန်ပြီလဲ နင့်အကြောင်း ငါမသိရင်ခက်မယ်" ဟု ဝင်ငေါက်ငမ်းကာ ဖျစ်ညှစ်အစ်အောက် ပြီးမေးလိုက်သေးသည်။
"မဟုတ်ပါဘူးဟယ် နင်တို့ကလည်း တကယ်ပဲ ကဲကဲ ဘာမှာ မှာလဲ မှာမှာ စားပြီး သွားကြမယ် အတန်းချိန်နီးနေပြီ "ဟု ဆိုကာ သားဇော် စကား လမ်းကြောင်း အမြန်ဆုံး ပြောင်းပစ်မိလိုက်သည်။ နောက် နှစ်ယောက်လုံး မမြင်သာသော အကြည့်နဲ့ မိုးထက်အား ခိုးကြည့်လိုက်မိသေးသည်။
မိုးထက်ကော ရွှေ ယမင်းကော ကတော့ သိလိုက်သည့် ပုံမပေါ်။ သားဇော်စိတ်ထဲကပဲကျိတ်ကာ
"ဒီနေ့လည်း ခင်ဗျားအရမ်းခန့်ပြီး ချစ်ဖို့ကောင်းနေတာပဲ မိုးထက်ရယ်"
သားဇော်ရယ် မိုးထက်ရယ် ရွှေယမင်း ရယ်ဆိုတာ တက္ကသိုလ် ပထမနှစ်တည်း က တွဲလာခဲ့ကြသော ပြောမနာဆိုမနာ ချစ်သူငယ်ချင်းတွေပေါ့။ ဒီထဲကမှ မိုးထက်ကတော့ ပထမနှစ်တည်းက တိတ်တခိုးကျိတ်ချစ်နေခဲ့ ရတဲ့ သားဇော်ရဲ့ တစ်ဖက်သတ် ချစ်သည်းရှင်လေးပေါ့ဗျာ။ ပထမနှစ်လဝက်မှာ တည်းက မိုးထက်နှင့် ရွှေယမင်းတို့ ချစ်သူတွေဖြစ်သွားခဲ့ကြတော့ သားဇော် ခဗျာ အသည်းတွေကွဲလိုက်တာ မှ တစ်ပတ်လောက် ကျောင်းမတက်နိုင်လောက်အောင်ပါပဲ။ ဒါပေမယ့် သားဇော် တစ်ကယ်ချစ်မိသော မိုးထက်ကို အမြဲတမ်းမြင်နေချင်မိတာရော နီးနီး ကပ်ကပ်ပဲနေပြီး အမြဲတမ်း တိတ်တခိုး အချစ်နဲ့ ပဲ တစ်ဖက်သတ်ချစ်နေတော့ မယ် ဟုသော ဆုံးဖြတ်ချက်ကြောင့် ကျောင်းလည်းပြန်တက် မိုးထက်တို့ ရွှေယမင်းတို့နဲ့လည်း အခင်မင် မပျက် ပဲ အရင်တိုင်း ဘာမှ မဖြစ်သလိုပေါင်းသင်း လာခဲ့ကြတာ ခုဆို နောက်ဆုံးနှစ်သို့ပင်ရောက်လာခဲ့ပြီဖြစ်သည်။
"သားဇော် ငါတို့ အတန်းလစ်ပြီး ရုပ်ရှင်သွားကြည့်မလို့ အဲ့တာ Roll call လေးတော့ဖြည့်ပေးဦးနော် "
ဟုဆိုကာ နှစ်ယောက်သား အတန်းလစ်ချိန်တိုင်း Roll call စာရွက်လေးမှာသူတို့နှစ်ယောက်ခုံနံပါတ်လေးတွေကို ရင်နာနာနဲ့ အမြဲဖြည့်နေပေးမိခဲ့သည်။
"ချစ်သူ မိုးထက် ပျော်နေစေဖို့ အတွက်ပဲ" ဟူသော အတွေးတစ်ခုနဲ့သာ။
ကန်တင်းမှာတူတူထိုင်တိုင်းလည်း ကိုယ်ချစ်ရသူက တခြား သူချစ်ရသူကို ယုယမှုတေကြင်နာမှုတေ ပျော်ရွှင်မှုတေပေးနေတာမြင်ရတိုင်း မျက်နှာလွှဲ အံကို တင်းတင်းကြိတ်ကာ တောင်းဆုတစ်ခု အမြဲခြွေနေလေမိလေရဲ့
"နောင်ဘဝဆက်တိုင်း ဆက်တိုင်းမှာ ဒီလိုဘဝမျိုးနဲ့ ဒီလို တစ်ဖက်သတ်ချစ်နေရတဲ့ အဖြစ်မျိုး ဘယ်လိုအကြောင်းနဲ့မှ မပိုင်ဆိုင် မတွေ့ကြုံ ရပါစေနဲ့" လို့ပေါ့။
ဒိုင်ယာရီ ဆိုတာ လူတစ်ယောက်ရဲ့ ခံစားမှု မျိုသိပ်ထားရမှုမှန်သမျှကို ဖွင့်အံ ချပြသရာနေရာမဟုတ်လား ။ ဒီတော့သားဇော်တစ်ယောက် ကျောင်းမှ ပြန်လာပြီး အိမ်ရောက်တိုင်း တစ်နေ့ တာခံစားမျိုသိပ်ထားရသမျှတို့ကို ဒိုင်ယာရီ စာအုပ်လေးမှာသာရင်ဖွင့်ကာ မျက်ရည်မိုးတို့ရွာသွန်းနေခဲ့ရတာ နေ့စဉ်နေ့တိုင်းလိုလို။
တစ်နေ့ ……
"သားဇော် မင်းသူငယ်ချင်းရွှေယမင်းဆီက ဖုန်းလာတယ်" မေမေ အိမ်အောက်ထပ်မှ လှမ်းအော်သံကြောင့်
"ဟုတ်မေမေ လာပြီ"ဟုဆိုကာ အပေါ်ထပ်မှ အပြေးတစ်ပိုင်းဆင်းလာခဲ့လိုက်သည်။
"ဟယ်လို ယမင်းပြော ညကြီး ဘာကိတ် ငါအပြင်မထွက်တော့ဘူးနော် ကိုရီးယားကားကြည့်ပြီး အိပ်တော့မှာ"
"အေး မထွက်ချင်လည်း ထွက်လိုက်ဦးဟေ့ ဟိုအကောင် မိုးထက် ဘီယာဆိုင်မှာ မူးကွဲနေလို့ မပြန်နိုင်တော့ဘူးလို့ ဖုန်းဆက်လို့"
"ဟင်" သားဇော် စိတ်ပူသွားမိတာတော့အမှန် ဘာလို့ ဒီလောက်သောက်ရတာလဲကွာ
"ဘာလဲ နင်တို့က ရန်ဖြစ်ပြန်ပြီလား"
သားဇော် မချင့်မရဲနဲ့ ရွှေယမင်း ကိုပြန်မေးလိုက်သည်။
"အေးဟေ့ ရန်ဖြစ်တာနည်းနည်း သောက်ချင်တာများများနေမှာပေါ့ ဘာမှ မ ဟုတ်တာကိုတကယ်ပဲ"
"အေးပါ အေးပါ ဘယ်ဆိုင်မှာတဲ့လဲ"
"_____ဆိုင်မှာတဲ့"
"အေးပါအေးပါ ပြီးရော ငါသွားခေါ်လိုက်မယ် နင်လည်း စိတ်မပူနဲ့ အိပ်တော့"ဟု ဆိုကာ သားဇော် ဖုန်းချပြီး ကပျာကယာ အိမ်က ထွက်မည်လုပ်တော့ မေမေက
"အဲ့ဒါဘယ်လဲ သား"
"မေမေ မိုးထက်အိမ်ခန" ဟုပြောကာ မေမေဆီမှ စကားပြန်ကိုပင်မစောင့် အပြေးတစ်ပိုင်းထွက်လာခဲ့ပြီး တက္ကစီ ငှားကာ အမြန်သွားခဲ့မိသည်။ ချစ်သူ အတွက်လို့ မပြောနိုင်ပေမယ့် ကိုယ်ချစ်ရသူအတွက်လို့တော့ ခေါင်းစဉ်တပ်နိုင်လောက်ပါရဲ့။
ဘီယာဆိုင်ရောက်တော့ ငနဲသားက ခေါင်းပင်မထောင်နိုင်တော့။
"မိုးထက် မိုးထက် ထ ပြန်ရအောင်" သားဇော် မိုးထက်အား လှုပ်နှိုးသော်လည်းတုတ်တုတ်မျှပင်မလှုပ်။
သားဇော် ဘေလ် အရင်သွားရှင်းလိုက်ပြီး တစ်ခါပြန်လာကာ မိုးထက်အား မနှိုးတော့ပဲ တွဲထူကြည့်သည်။ သို့သော်မနိုင်။ ဒါနဲ့ မတတ်နိုင်ပဲ ဆိုင်က ဝိတ်တာ လေးကိုပဲ အကူညီ တောင်းကာ ဝိတ်တာကောင်လေးကတစ်ဖက် သူက တစ်ဖက်ဖြင့် နှစ်ယောက် မျှမကာ အသင့်တွေ့ရသောတက္ကစီ ကိုငှားပြီး ကားပေါ်တင်လိုက်ရသည်။ ဝိတ်တာ ကောင်လေးကိုလည်း
"ကျေးဇူးညီ "ဟုဆိုကာ မုန့်ဖိုး ထုတ်ပေးပြီး ကားပေါ်တက်ခဲ့ လိုက်တော့သည်။ အိမ်ကိုတော့ခေါ်သွားလို့ မဖြစ် တာမို့ မိုးထက်တိုက်ခန်းရှိရာကိုပဲသွားခဲ့ လိုက်သည်။ တိုက်ခန်းသို့ရောက်သည်ထိ တက္ကစီသမားကို အကူညီတောင်းပြီး တခါတွဲခေါ်ရပြန်သည်။
ဟူးးးး မသက်သာပါလား။ ချစ်ရသူမို့သာ တခြားသူဆို သူဒီလောက်အပင်ပန်းခံ ကူညီ မိမည်မဟုတ်ဟု တွေးကာ ပြုံးမိလိုက်သေးသည်။
သားဇော် မိုးထက် အား အိပ်ယာပေါ် တင်သိပ်ပြီး မှ အပေါ် ကထပ်ဝတ်ထားတဲ့ အင်္ကျီတွေ ချွတ်ပေး ဖိနပ်တွေ ချွတ်ပေး ဖြင့် အသက်ရှူ ရတာ သက်တောင့်သက်သာရှိအောင် လုပ်ပေးလိုက်သည်။ နောက် သားဇော် ကုတင်တွင်ဘေးစောင်းလေးဝင်ထိုင်လိုက်ကာချစ်ရသူ မိုးထက်အား ကြည့်မဝနိုင်ပဲ တစိမ့်စိမ့် ကြည့်နေလိုက်မိသည်။
"အိပ်ပျော် နေတဲ့ မင်းရဲ့ အပြစ်ကင်းအမူအယာလေးကလည်း သိပ်ချစ်ဖို့ကောင်းတာပဲ ချစ်ရသူ"။
သားဇော် တစိမ့်စိမ့် ကြည့်နေရင်းမှ မိုးထက်ရဲ့ ခန့်ညား တောင့်တင်းလှတဲ့ ရင်အုပ် ကြွတ်သားလေးတွေကို စိတ်မထိန်းနိုင်စွာ တို့ထိကြည့်မိသည်။ နောက် "ခွင့်လွှတ်ပါ နောက်မဖြစ်စေရပါဘူး" ဟု တိုးညှင်းစွာ ပြောရင်း မိုးထက်ရဲ့ ပြေပျစ်ကျနလှစွာသော နှဖူး ပြင်လေးအား ငုံ့ နမ်း လိုက်ပြီး သားဇော် မိုးထက်အခန်း ထဲမှ ထွက်ကာ ဧည့်ခန်းက ခုံပေါ်မှာ ပဲ အိပ်စက်ရင်း တစ်ညတာကိုကုန်ဆုံးစေခဲ့ လိုက်သည်။
"ငါ့ရဲ့ အချစ်က မင်းရဲ့ ဘဝ ကို ဘာအစွန်းအထင်းမှ မထင်ကျန်စေရဘူး ချစ်ရသူ။ငါ့ရဲ့ အချစ်က မင်းအတွက် ဖြူဖြူစင်စင်နဲ့ ဘာရယူလိုမှု မှ မရှိပဲ ပေးဆပ်နေချင်မိတာပါ။ တကယ်ဆို မင်းလို straight တစ်ယောက် ကို ချစ်မိကတည်းက ငါဒီလိုခံစားရမယ်ဆိုတာ သိနေပေမယ့် အချစ်က မျက်စိမမြင် ပဲ မင်းကို နှလုံးသားထဲ ဇွတ်အတင်း ထည့်သွင်းမိတော့ ဘယ်တတ်နိုင်ပါ့မလဲ။ "
မနက် သားဇော် အိပ်ယာ နိုးတော့ မိုးထက်က မနက်စာဝယ်ပြီး လို့တောင် အပြင်က ပြန်ရောက်နေပေပြီ။
"ဟိတ်ကောင် လူလိုအိပ် ထတော့ နေဖင်ထိုးနေပီ"
မနက်စောစော ခုလို ချစ်ရသူရဲ့ အိပ်ယာထ နှိုးထစေတဲ့ စကားက မချိုသာပေမယ့် သား ဇော် အတွက်တော့ သာယာနေမိသည်။
"အေးပါဟ အရက်သမားကလည်း"ဟုဆိုကာ ကမူးရှူးထိုးရေချိုးခန်းထဲပြေးဝင်လိုက်သည်။
သူ့စကားပြန်နားထောင်နေရင် ဆဲသံ ဆိုသံ တညံညံ ဖြစ်ပေဦးမည် မဟုတ်လား။
သားဇော် မျက်နှာသစ်ပြီးလို့ ထမင်းစားခန်းထဲ ဝင်ပြီး နှစ်ယောက်သား breakfast စားကြရင်း မိုးထက်က
"ငါဒီနေ့ကျောင်းမသွားချင်ဘူးကွာ ငါတို့လျောက်လည်ကြရအောင် စိတ်ပြေလက်ပျောက်ပေါ့"
"အင်း သွားမယ်လေ ဘယ်ကိုသွားကြမလဲ"
"ခြေဦးတည့်ရာ"
"ဟင်"
-- -- -- -- -- --- --- --- --- --- --- -- -- --
ဒီနေ့သားဇော် အရမ်းပျော်နေမိသည်။ ချစ်ရသူနဲ့ နှစ်ယောက်တည်း ခြေဦးတည့် ရာအနှံ့ သွားချင်ရာသွား စားချင်ရာစားကြနှင့် ပျော်နေရသည်မှာ တကယ့် သုခ ဘုံ သို့ ရောက်နေသည့်အလား။ ဆူးလေ ပန်းခြံ/ ကန်တော်ကြီး/တိရိစ္ဆာန်ရုံ/ပြည်သူ့ရင်ပြင်/ အင်းလျားကန်ဘောင် အို..... စသည် စသည် ပေါ့ နေရာတေစုံလွန်းလို့ မှတ်တောင်မမှတ်မိ။ ခုတော့ နောက်ဆုံးနေရာအဖြစ် ညနေလည်း စောင်းနေပြီမို့ ရွှေတိဂုံဘုရား သို့ တက်ကာ ဘုရားဖူးကြသည်။ ဘုရား အရှေ့ ဘက်မုဒ်မှ တက်ကာ ဘုရားကို လက်ယာရစ် သုံးပတ်ပတ် နောက် ကိုယ့်မွေးနေ့ နံ ဘုရားတေမှာ ဝတ်ပြုကြပြီး ဘုရား အနောက်ဘက် ဇောင်းတန်းမှ ပြန်ဆင်းလာခဲ့ ကြသည်။တနေကုန် လျောက်လည်ထားကြသော်လည်း နှစ်ယောက်သားကတော့ active ဖြစ်စဲ။
နှစ်ယောက်သား ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုတေကို အဆုံးသတ်ကာ လမ်းခွဲ ပြန်ခဲ့ ကြပြန်တော့လည်း သားဇော် ရင်ထဲ မှာ ဟင်းလင်ပြင်ကြီးသဖွယ် ဟာတာတာ ဖြစ်ကျန်ခဲ့ရုံက လွဲ လို့ ဘာပြောင်းလဲမှုမှ မရှိခဲ့။
ခုလို ကျောင်းတက်ချိန် အတူတွဲ အတူသွား အတူလာ အတူ စား နဲ့ သစ္စာ အရှိဆုံး သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ သားဇော် တစ်ယောက် မိုးထက်နဲ့ ရွှေယမင်း တို့ အနားမှာ အချစ်စိတ်တွေကို သိုသိပ်ကာ နေခဲ့မိတာ မိုးထက် နဲ့ ရွှေယမင်းတို့ လက်ထပ်ပြီးတဲ့ အထိပါပဲ။ ဒီအချိန်ထိပဲလား ဆိုတော့လည်း မဟုတ်ပါဘူး သားဇော် တစ်သက်လုံး ဘယ်တော့မှ ဖွင့်ပြောမိမှာမဟုတ်ဘူး။ဖွင့်ပြောဖို့ လည်း ဆန္ဒမရှိသလို ဘယ်သူ့ကိုမှလည်း အပြစ်မဆိုသာဘူးလေ။ တကယ်ဆို ဒီ သောက တွေက straight တစ်ယောက်ကို သူငယ်ချင်း အဖြစ်ကနေ ချစ်သူ အဖြစ် ပြောင်းလဲ သံယောဇဉ်တွယ်မိတဲ့ ကိုယ့် ကြောင့်သာ တွယ်ကပ်လာခဲ့ရတာ မဟုတ်ပေဘူးလား။
ဒါကြောင့်လည်း သားဇော် ဖေ့ဘုတ် သုံးတိုင်း လိုင်းပေါ်က ဘဝတူ ကောင်လေးတိုင်းကို အမြဲ တိုက်တွန်းမိတဲ့ အကြောင်းအရာတစ်ခုက straight တစ်ယောက် ကို ဘယ်တော့မှ သံယောဇဉ် မဖြစ်မိအောင် နေဖို့ပါပဲ။
ဒီဒုက္ခတေကို ကိုယ်ခံစားခဲ့ဖူးမှ တော့ ကိုယ့်လိုဘဝတူ ဘယ်သူ့ကို မဆို မခံစားရစေချင်တော့တာ သားဇော်ရဲ့ စေတနာအစစ်မှန် ပါ။
သားဇော် "မိုးထက်ကိုချစ်မိလို့နောင်တရသလား"
ဆိုတော့လည်း မရပါဘူး ။
ဒါပေမယ့် "နှလုံးသား ရဲ့ မှားယွင်းစွာ တွယ်တာ ကာ နှောင်ကြိုးတစ်မျှင်သွယ်တန်းမိခဲ့မှု ကိုတော့နောင်တတရား များစွာ နဲ့……………"
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment